snownainglinoo blogကိုလာလည်သူမိတ်ဆွေအားလုံးကိုလှူိက်လှဲစွားကြိုဆိုပါတယ်ခင်ဗျာ

วันพฤหัสบดีที่ 30 มิถุนายน พ.ศ. 2554

ပြန်လာခဲ့ပါချစ်သူရယ်

     လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀ကျော်က ဂျီတော့ မြို့ပြနိုင်ငံတော်ကြီးမှာ မှော်ပညာတွေခေတ်စားနေချိန်မှာပေါ့။ ဒီနိုင်ငံကြီးက ပညာရှင်တွေဟာ မှော်ပညာနဲ့ တစ်ဦးနဲ့တစ်ဦး ပြိုင်ဆိုင်ကြတာပေါ့ကွယ်။ ဒီမှော်ပညာရှင်တွေထဲမှာ ရုပ်ရည် လွန်စွာ ချောမောလှပတဲ့ မသဲဥဆိုတဲ့ မှော်ဆရာမလေးတစ်ယောက်ရှိလေသတဲ့။ သူမဟာ မှော်ပညာမှာ တင်တစ်ဖက်ကမ်းခတ်တက်မြောက်ရုံတင်မဟုတ်ဘူး အရမ်းပဲလည်း
ချစ်စရာကောင်းလေသတဲ့။
                             မှော်ဆရာမလေး မသဲဥဟာ အရမ်းစွမ်းတဲ့ သူ့ပညာတွေ ကြောင့်ပြိုင်တဲ့လူတိုင်းကိုအနိုင်ရလေတယ်။ မသဲဥလေးဟာပြိုင်ဘက်ကင်း လာတာနဲ့အမျှဒီမြို့မှာနေရတာ ပျင်းလာတာပေါ့။ ဒါနဲ့သူမဟာမြို့စွန်တနေရာ ကိုလမ်းလျှောက်ထွက်ခဲ့လေတယ်။ တစ်နေရာအရောက်မှာအတွေးတစ်ခုက သူ့ခေါင်းထဲဝင်လာပါလေရော။ အဲဒါဘာလည်းဆိုတော့ သူ့ရှေ့မှာရှိနေတဲ့ ကျောက်ရုပ်ကြီးကိုအပျင်းပြေစကားပြောဖို့ စီမံလေတော့သတဲ့။ ဒီလိုနဲ့သူမဟာ ကျောက်ရုပ်ကြီးကို
စကားပြောတက်အောင်မှော်ပညာနဲ့အသက်သွင်းပါလေရော။ သို့ပေမဲ့ကျောက်ရုပ်ကြီးခမျှာ စကားသာပြောလို့ရပြီး လှုပ်ရှားလို့မရလေဘူးတဲ့ကွယ်။ မှော်ဆရာမလေးကလည်း ကျောက်ရုပ်ကြီးနဲ့နေ့တိုင်းစကားလာပြောလေသတဲ့။ စကားတွေပြောပြီး သူမအိမ်ပြန်သွားတဲ့အခါမှာကျောက်ရုပ်ကြီးမှာ စကားပြန်ပြောလို့ မရတော့ပြန်ဘူးတဲ့။
                                မှော်ဆရာမလေးဟာကျောက်ရုပ်ကြီးနဲ့ နေ့တိုင်းစကားတွေ ဖောင်ဖွဲ့နေခဲ့သလို ကျောက်ရုပ်ကြီးခမျာမှာလည်း နေတိုင်းမျှော်နေတော့တာပေါ့။ ဒီလိုနဲ့တနေ့မှာ မှော်ဆရာမလေးက ကျောက်ရုပ်ကြီးကို စကားတစ်ခွန်းပြောလေတယ်။
"ငါမနက်ဖြန်ကစပြီး မင်းဆီမလာတော့ဘူး။ ဒါပေမဲ့ မင်းငါ့ကိုတွေ့ချင်ရင် ကဗျာတစ်ပုဒ် ကောင်းကောင်းစပ်ပြီး ရွတ်နေ၊ ဒီလိုမင်းရွတ်နေတဲ့ ကဗျာကိုအဝေးကနေငါကြားနိုင်သလို ငါကြိုက်တဲ့ ကဗျာဖြစ်ရင် မင်းဆီကိုငါပြန်လာခဲ့မယ်" ပြောပြီးထွက်သွားလေတော့သတဲ့။
                               ဒီလိုနဲ့ကျောက်ရုပ်ကြီးခမျှာမှာလည်း မှော်ဆရာမလေးကိုနေတိုင်း မျှော်နေရင်းနဲ့ကဗျာတွေ တစ်ပုဒ်ပြီးတစ်ပုဒ်ရွတ်နေတာပေါ့ကွယ်။ သို့ပါသော်လည်း အချိန်တွေသာကုန် ရာသီတွေအလီလီပြောင်းလဲခဲ့ပေမဲ့ မှော်ဆရာမလေးကိုတော့ မတွေ့ရတော့ဘူးတဲ့။ ကျောက်ရုပ်ကြီးကလည်း  နေ့တိုင်းကဗျာတွေတစ်ပုဒ်ပြီး တစ်ပုဒ်စပ်ပြီး ဒီကနေ့အထိမျှော်နေတော့တာပေါ့ကွယ်။
                                ပုံပြင်လေးကတော့ဒီမျှပါပဲကွယ်။ ဒါပေမဲ့ကျောက်ရုပ်ကြီးရွတ်ခဲ့တဲ့ ကဗျာတွေထဲကတစ်ပုဒ်ကို ကျွန်တော်ဒီနေ့အထိမှတ်မိနေသေးတယ်ဗျာ။ ကဗျာနာမည်ကတော့ ပြန်လာခဲ့ပါချစ်သူရယ်ဆိုတဲ့ ကဗျာလေးပါ။ ကျွန်တော်မှတ်မိသလောက်ရွတ်ပြမယ်နော်။ နားထောင်ကြည့်ပါဗျာ..................
    သူ့ကိုလွမ်းသည် ဒါပေမဲ့သူကျွန်တော့်ကိုမလွမ်းပါ
                                                 သူ့ကိုသတိရသည် ဒါပေမဲ့သူကျွန်တော့်ကိုသတိရမရပါ
                                                 သူ့ကိုချစ်သည် ဒါပေမဲ့သူကျွန်တော့်ကို..................ပါ။

วันพุธที่ 29 มิถุนายน พ.ศ. 2554

အပျင်းပြေဖက်ဖို့

ခုတလော ကျမ ဟာသတွေပဲ ဖတ်ချင်နေတယ်။ သဘာဝကျကျ မကျကျ ဟာသ ဆိုပြီးရော ဖတ်နေမိတာ။ တနေ့ကလည်း အကြည်တော်ရဲ့ အရောင်းထိုင်းခယ်မ ဆိုလား ဘာဆိုလား ဖတ်ပြီး တယောက်ထဲ တခွိခွိရယ်နေလို့ အိမ်က ဂေါက်များ သွားလေရော့သလား တစေ့တစောင်း အကဲခတ်နေကြသေး။ အကြည်တော် ကလည်း လူတယောက်ရဲ့ ရုပ်ဆိုးချက်ကို ပြောင်မြောက်တဲ့စကားလုံးတွေသုံးပြီး ဖွဲ့လည်း ဖွဲ့တတ်ပါပေ့။ နဖူး ဆံစကနေ လည်ပင်းထိ တထွာသာသာလေးကို ရေးဖွဲ့ထားလိုက်ပုံများ စာနှစ်မျက်နှာ ကုန်တယ်။ အဲဒီလောက်ထိ စကားလုံး ကြွယ်ဝတာ။ ဘာပဲဖြစ်ဖြစ် ဟာသတွေ ဖတ်နေရတာ စိတ်လက်ပေါ့ပါး လန်းဆန်း တယ်။ ဟာသရသဆိုတာ ဟဒယနှလုံး ကိုရွှင်ပြုံးစေသော ဆေးတခွက်ပေပဲ။
ပျင်းရိဖွယ် ရှည်လျားလှသော နွေရာသီတခု၏ နံနက်ခင်းသည် သူ့ဘ၀ထဲသို့ ဖျင်အင်္ကျီလေး ရောက်လာခြင်း၏ နိဒါန်းဟု ဆိုရပေမည်။ ထိုနေ့ နံနက်က အညာမှ ဆွေမျိုးတစု သူတို့အိမ်ကို အလည်အပတ် ရောက်လာကြသည်။ ပဲကလေး နှမ်းကလေး၊ အညာအစားအစာများနှင့်အတူ ဖျင်စလေး နှစ်စ အမေ့ကို လက်ဆောင်ပေးသည်။ ချည်ထည် အ၀တ်အစားများ နှစ်ခြိုက်တတ်သော သူ့အား အမေက ဒီဖျင်စလေး နှစ်စ ပြန်လည်ပေးခဲ့လေသည်။ မီးခိုး အပြာ အညို အဖြူ အကွက် သေးသေးလေးများ ရောယှက် ယက်လုပ်ထားသော အနံသေး ဖျင်ကြမ်းစ လေးကို ကြည့်ပြီး သူသဘောကျခဲ့မိ၏။

ဖျင်စလေးကို ဘယ်လို အင်္ကျီချုပ်ရမလဲဟု သူစဉ်းစားနေမိသည်။ နောက်ဆုံး အမေတို့ ချုပ်နေကျ အပ်ချုပ်သည်ကြီးဆီကို သွား၍ ဖျင်စလေး နှစ်စကို အဆင်ပြေသလို ကြည့်ချုပ်ပေးပါ ဟု အပ်ခဲ့လိုက်သည်။

အပ်ချုပ်သည်ကြီးဆီ အပ်လိုက်ပြီး နောက်ပိုင်း ဖျင်စလေးက သူ့ထံသို့ အင်္ကျီအဖြစ်ဖြင့် တော်တော်နှင့် ရောက်မလာခဲ့။ သူလဲ ကြာလာတော့ မေ့မေ့ ပျောက်ပျောက် ဖြစ်သွားပြန်လေသည်။ ဒီလိုနှင့် နွေကျောင်းပိတ်ရက်ရှည် ကုန်ဆုံးပြီး မိုးရာသီ အပြောင်း ကျောင်းတွေပြန်ဖွင့်သည့် ညနေခင်းတခုမှာ အပ်ချုပ်သည်ကြီးထံမှ ဖျင်အင်္ကျီလေး ချုပ်ပြီးပြီဟု ဖုန်းလာသည်။

အေးခဲသွားသောမျက်ရည်စက်များ.....

"ဟေး ... ဟိုမှာကြည့်စမ်း မြက်ခင်းပေါ်မှာ တလက်လက်နဲ့ စိန်ပွင့်လေးတွေ ကျနေတာပဲ ... နော် ..."

မနေ့ည ညဥ့်ဦးပိုင်းလောက်က ညစာစားဖို့ ထမင်းစားဆောင်ကို အသွား တဆောင်နဲ့ တဆောင်ကူးတဲ့ ကွန်ကရစ် လမ်းလေးရဲ့ နံဘေးက မြက်ခင်းကလေးမှာ မြက်ပင် တွေထက် တလက်လက် တောက်ပ နေတာကို မြင်တော့ ... တယောက်က အဲဒီလို ထအော်တယ်။

နောက်တယောက်ကတော့ ...
"အဲဒါ မိုးစက်တွေ နေမှာ" ... တဲ့ ။

အဖေပြောသောပုံပြင်

ဒီပုံပြင်လေးကတော့ အဖေပြောပြတဲ့ ပုံပြင်လေးပါ။
ဝိသုဒ္ဓိမဂ်လာ အဆိုတခုကို အကြောင်းပြုပြီး ပြောပြတဲ့ ပုံတပုဒ်ဆိုပါတော့။
သိပြီးသားလည်း ဖြစ်ကြမှာပါ၊ ပုံ မပြောရတာကြာလို့ ပြောပြလိုက်ပါတယ်။
ဖတ်ကြည့်ကြပါဦး ခင်ဗျာ … ။
တခါက လုလင်တယောက်ဟာ ခရီးသွားရင်း မျက်စိလည်လမ်းမှားပြီး တောအုပ်တခုထဲ နယ်ကျွံရောက်ရှိသွားပါသတဲ့။ အဲဒီတောအုပ်ကတော့ ဘီလူးမကြီးတယောက် အပိုင်စားရထားတဲ့ တောအုပ်ကြီးပါပဲ။ ဘီလူးမကြီးဟာ ဒီတောအုပ်ထဲ ရောက်လာသမျှသူတွေကို ဖမ်းစားပိုင်ခွင့်ရှိတယ် ဆိုတော့ ခုလို နယ်ကျွံပြီး သူ့ပိုင်နက်ထဲ ရောက်လာတဲ့ ခရီးသွားလုလင်ဟာ ဘီလူးမကြီးရဲ့ အစာဖြစ်နေတော့တာပေါ့။
ဒါပေမဲ့ ဘီလူးမကြီးဟာ ဒီလုလင်ပျိုကို ကြည့်ပြီး ချစ်ကြိုက်မိတာနဲ့ သတ်မစားတော့ဘဲ သူ့ကိုယ်သူ နတ်သမီးတမျှ ချောမောလှပတဲ့ မိန်းကလေးငယ် တယောက်အဖြစ် ဖန်ဆင်းကာ လုလင်ပျိုရှိရာ သွားခဲ့တယ်။

ဘုန်းကြီးပြောသောပုံပြင် (၁)

ကျမတို့ငယ်ငယ်ထဲက ကိုးကွယ်တဲ့ဘုန်းကြီးတပါးရှိပါတယ်။ အဲဒီဘုန်းကြီးကို အိမ်မှာ ဆွမ်းပင့်ကျွေးတိုင်း မှတ်သားစရာ စကားလေးတွေ ပြောလေ့ရှိတယ်။ တရားဟောသလို ရှည်ရှည်ဝေးဝေး ငြီးငွေ့ဖွယ်မဟုတ်ဘဲ ပုံပြင်ပြောသလိုပြောတတ်လို့ ကျမတို့ငယ်ငယ်ထဲက နားထောင်ပြီး စိတ်ထဲ စွဲနေအောင်မှတ်မိနေခဲ့တယ်။
အခုဘုန်းကြီးပြောတဲ့ ပုံပြင်ကတော့ ကျမကို ခဏခဏပြောလေ့ရှိတဲ့ ပုံပြင်ပါပဲ။ ကျမက စာရေးဝါသနာပါသူမို့ သူ့ပုံပြင်ကို ရေးစေချင်လို့ ခဏခဏ ပြောတာပါ။ သူဘယ်လောက်ပြောပြော ကျမကလဲ မရေးဖြစ်ပါဘူး။ ဒါပေမဲ့ ဒိုင်ယာရီထဲမှာတော့ တေးမှတ်ထားတယ်။ ကျမ ၈ တန်းနှစ်လောက်ထဲက ပြောခဲ့တာ ခုချိန်ထိပါပဲ။ ရေးပြီးပလား မေးတိုင်း ကျမက ရယ်ကျဲကျဲနဲ့ မရေးရသေးပါဘူးဘုရားလို့ ပဲ ပြန်လျှောက်ခဲ့ရတယ်။ အခုတော့ ကျမရေးပါပြီ။ ဒီပုံပြင်ကို သိတဲ့သူတွေလဲ သိမှာပါ …။ ဘာပဲဖြစ်ဖြစ် ... ဘုန်းကြီးကရေးဆိုလို့ ရေးလိုက်တယ်လို့သာ … မှတ်ယူကြပါတော့။
တခါတုန်းက မြို့ရွာနဲ့ မနီးမဝေး တောတွင်းတနေရာမှာ သစ်ခက်တဲလေးထိုးပြီး တရားအားထုတ်နေတဲ့ ရသေ့ကြီးတပါးရှိသတဲ့။ ဒီသစ်ခက်ကျောင်းသင်္ခမ်းလေးနားကို ခွေးပိန်မလေးတကောင်က လာပြီးတော့ ရသေ့ကြီးဆွမ်းစားပြီး ကျန်တဲ့ ဆွမ်းကျန်ဟင်းကျန်လေးတွေစားလေ့ရှိပါတယ်။ ဒီ ထမလေစား (ထမင်းလုံးအလေအလွင့်ကိုစားသော)ခွေးမလေးဟာ နေ့စဉ်နဲ့အမျှ ဆွမ်းကျန်လေးတွေ လာလာစားနေတာကြာလာတော့ ရသေ့ကြီးဟာ ခွေးမလေးကို သနားတဲ့အပြင် သံယောဇဉ်ဖြစ်လာပြီး … လူအဖြစ်ကို ဖန်ဆင်းပေးလိုက်သတဲ့။ (အဲဒီမှာ ရသေ့ကြီး စမှားတာပဲ)

သစ်ဆွေးတုံးလေးပုံပြင်

တခါတုန်းက လူရွယ်တယောက်ဟာ ရွက်လှေတစီးနဲ့ ပင်လယ်ဆီခရီး ထွက်ခဲ့ တယ်။ ပင်လယ်ဟာ လှိုင်းကြက်ခွပ်ကလေးတွေ တလက်လက်ထလို့ လှပ နေတာပဲ၊ လေညင်းနုနုကလည်း သူ့ရဲ့ရွက်ကို အားဖြည့်တဲ့အနေနဲ့ တသုန်သုန် တိုက်ခတ်လို့ …၊ ပင်လယ်ပျော် ငှက်ကလေးတွေလည်း ရွက်လှေအနီးအပါးမှာ တ၀ဲဝဲပျံသန်းလို့ …၊ ငါးကလေးတွေ ဖျံကလေးတွေကလည်း သူသွားရာနောက် တကောက်ကောက်လိုက်လို့။ သူဟာ ပြာလဲ့ကြည်စင်နေတဲ့ ကောင်းကင်ကြီးကို မော့ကြည့်ပြီး လောကကြီးရဲ့အလှကို အပြည့်အ၀ခံစားရင်း တေးသီချင်းတွေ သီကျူးနေစဉ်မှာ ရွက်လှေကလေးကတော့ လေရဲ့သယ်ဆောင်ရာအတိုင်း တလွင့်လွင့် မျောလို့ နေလေရဲ့။
snownainglinoo © 2008 Template by:
SkinCorner